← All posts
June 27, 2026·

" ကိုယ့်ကိုယ်ကိုယ် အပြစ်တင် မစောပါနဲ့အုံးနော် "

mental-healthmindfulness

🍃 အမှားသေးသေးလေးတစ်ခု လုပ်မိရုံနဲ့ "ငါ ဘာလို့ ဒီလောက်တောင် မတော်ရတာလဲ"၊ "ဒါလေးတောင် မလုပ်နိုင်ဘူး" ဆိုပြီး ကိုယ့်ကိုယ်ကို ပြောနေမိတဲ့ အချိန်တွေရှိတတ်ပါတယ်။
တခြားသူတစ်ယောက် အဲ့ဒီအမှားမျိုး လုပ်မိရင် နားလည်ပေးနိုင်ကြပေမယ့် ကိုယ့်အလှည့်ရောက်တဲ့အခါတော့ ပိုပြီး ကိုယ့်ကိုယ်ကိုယ် နားလည်ခွင့်လွှတ်ဖို့ ခက်ခဲနေလေ့ရှိတတ်ကြပါတယ်။

အဲ့ဒီလို အချိန်မှာ ခဏလေး ရပ်ပြီး စဉ်းစားကြည့်ပါ။

"ဒီအခြေအနေကို ကြုံနေရတဲ့ သူငယ်ချင်းတစ်ယောက်ကိုဆို ငါ ဘာပြောပေးမလဲ" ဆိုတဲ့ မေးခွန်းလေးကိုပေါ့။

တစ်ခါတလေ ကိုယ်လိုအပ်နေတာက ပိုပြီး ကြိုးစားဖို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို နည်းနည်းလေး ပိုနားလည်ပေးဖို့ ဖြစ်နိုင်ပါတယ်
ဒီနေ့တော့ ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့ စကားတစ်ခွန်းကို သတိထားမိရင် အဲ့ဒီစကားကို နူးနူးညံ့ညံ့ ပြန်ပြောကြည့်ပါ။

အမှားလုပ်မိတာကလည်း လူဖြစ်နေလို့ပါ။ အမှားတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အပြည့်အဝ သတ်မှတ်လိုက်ဖို့ မလိုပါဘူး။

✍️ Self-Reflection Questions
1. ဒီနေ့ ကိုယ့်ကိုယ်ကို အပြစ်တင်ခဲ့တဲ့ စကားတစ်ခွန်း ရှိခဲ့လား။ ဘယ်လို စကားမျိုးပြောမိတာများလဲ။

2. ကိုယ်အမှားလုပ်မိတဲ့အခါ ဘယ်လိုတုံ့ပြန်တတ်လဲ။
နားလည်ပေးတတ်လား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပိုဖိအားပေးတတ်လား။

3. ဒီတစ်ပတ်အတွင်း ကိုယ်ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ အရာသေးသေးလေး တစ်ခုက ဘာဖြစ်မလဲ။

🌱 Mindful Practice
ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတဲ့အချိန်မှာ ခဏလေး ရပ်ပြီး အသက်ရှူတာကို သတိထားကြည့်ပါ။
ပြီးရင် ဒီစာကြောင်းလေး ၃ ကြောင်းကို ဖြည်းဖြည်းချင်း ပြောကြည့်ပါ။

"အခုခံစားနေရတာက ငါ့ရဲ့ တန်ဖိုးကို သတ်မှတ်ပေးတာ မဟုတ်ပါဘူး။"
"အမှားတစ်ခုကြောင့် ငါ့ရဲ့ ကြိုးစားမှုတွေ အားလုံး ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။"
"ကိုယ့်ကိုယ်ကို အပြစ်တင်မယ့်အစား နားလည်ပေးဖို့လည်း ရွေးချယ်နိုင်ပါတယ်။"

🌿 Small Actions
1. တွေးနေကြ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေကြအတွေးကို ပြောင်းတွေးကြည့်ပါ

"ငါ မလုပ်နိုင်ဘူး" လို့ တွေးမိရင် "ငါ အခု မလုပ်နိုင်သေးဘူး၊ ဒါပေမဲ့ နည်းနည်းချင်းတော့ ကြိုးစားကြည့်မယ်" လို့ ပြောင်းတွေးကြည့်ပါ။

တစ်ခါတလေ "သေးတယ်" ဆိုတဲ့ စကားလုံးလေးက မျှော်လင့်ချက်အတွက် နေရာလေး ချန်ထားပေးတတ်ပါတယ်။

2. ကိုယ့်ကိုယ်ကို ကျေးဇူးတင်စာတိုလေး ရေးကြည့်ပါ

ဒီနေ့ အိပ်ခါနီး ၂ မိနစ်လောက် အချိန်ပေးပြီး "ဒီနေ့ ငါ ဘာကို ကောင်းကောင်းလုပ်နိုင်ခဲ့လဲ" ဆိုတာ တစ်ကြောင်းလောက်ပဲ ချရေးကြည့်ပါ။

ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ဖို့ မလိုပါဘူး။ နေ့တစ်နေ့ကို ဖြတ်သန်းလာနိုင်ခဲ့တာကိုယ်တိုင်ကလည်း အသိအမှတ်ပြုသင့်တဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။