ခဏလေး အနားယူ လိုက်လို့လည်း ရပါတယ်
နေ့စဥ်ဘဝမှာ လုပ်စရာအလုပ်တွေ များနေပြီး လုပ်ရမဲ့အလုပ်တစ်ခုချင်းစီက မကြီးမားဘူးဆိုရင်တောင် ကိစ္စအားလုံးကို တစ်ပြိုင်နက်တည်းမှာ စဉ်းစားနေရတဲ့အခါ စိတ်ထဲမှာ ဝန်ပိနေသလို ခံစားရနိုင်ပါတယ်။
အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကို "ငါ ဘာလို့ ဒီလောက် မလုပ်နိုင်ရတာလဲ""ငါ လုပ်နိုင်ပါ့မလား" လို့ အပြစ်တင်မယ့်အစား ခဏလေး ရပ်ကြည့်ပါအုံးနော်။
တစ်ခါတလေ ပြဿနာက ကိုယ်အားနည်းနေလို့ မဟုတ်ဘဲ တစ်ချိန်တည်းမှာ စိုးရိမ်ပူပန်မိတဲ့ တွေးမိတဲ့ အရာတွေ များလွန်းနေလို့ ဖြစ်နိုင်ပါတယ်။
ဒီနေ့တော့ အရာအားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းဖို့ မကြိုးစားဘဲ အခုအချိန်မှာ လုပ်နိုင်တဲ့ အရာတစ်ခုကိုပဲ ရွေးကြည့်ပါ။
အကြီးကြီး မဖြစ်လည်း ကိစ္စမရှိပါဘူး အဆင်ပြေပါတယ်။
💭 ကိုယ့်ကိုယ်ကို ခဏလေး မေးကြည့်ရအောင်
1.အခုအချိန်မှာ ကိုယ့်ခေါင်းထဲ အများဆုံး နေရာယူထားတဲ့ ကိစ္စက ဘာလဲ။
2.အဲ့ဒီအရာတွေထဲက ဒီနေ့ မလုပ်ရသေးရင်လည်း အဆင်ပြေမယ့် အရာတစ်ခု ရှိလား။
3.အခုအချိန်မှာ ငါ တကယ်လိုအပ်နေတာ ဘာလဲ —
အနားယူဖို့လား၊ အကူအညီတောင်းဖို့လား၊ ဒါမှမဟုတ် အလုပ်တစ်ခုကို စလုပ်ဖို့လား။
🌱 ခဏလေး ရပ်ပြီး သတိထားကြည့်ရအောင်
ခဏလေး ဖုန်းကို ချထားပြီး အသက်ရှူတာကို သတိထားကြည့်ပါ။ အသက်ရှူတိုင်းမှာ "အခုလက်ရှိပစ္စုပ္ပန်မှာ ငါ ဒီမှာ ရှိနေတယ်" လို့ စိတ်ထဲမှာ ဖြည်းဖြည်းချင်း ပြောကြည့်ပါ။
စိတ်က မနက်ဖြန်ကို ပြေးသွားနေတဲ့အချိန်မှာ လက်ရှိအချိန်ကို ပြန်သတိရလိုက်တာကလည်း အနားယူခြင်းတစ်မျိုး ဖြစ်ပါပဲ။
🌿 ဒီနေ့ စမ်းလုပ်ကြည့်လို့ရတာလေးတွေ
1. Brain Dump လုပ်ကြည့်ပါ
ခေါင်းထဲမှာ တွေးနေတဲ့ အရာတွေတိုင်းကို စာရွက်တစ်ရွက်ပေါ် ချရေးလိုက်ပါ။
2. အခုလုပ်နိုင်တာ တစ်ခုကိုပဲ ရွေးကြည့်ပါ
မဖတ်ရသေးတဲ့ email တစ်စောင် ပြန်တာ၊ assignment တစ်ခုရဲ့ ပထမစာကြောင်းကို စရေးတာ၊ ဒါမှမဟုတ် အခန်းကို ၅ မိနစ်လောက် ရှင်းတာလည်း ဖြစ်နိုင်ပါတယ်။
တစ်ခါတလေ စိတ်ရှုပ်ထွေးမှုတွေကြားက ထွက်လာဖို့ လိုတာက ခြေလှမ်းကြီးတွေ မဟုတ်ဘဲ ခြေလှမ်းသေးသေးလေးတွေပါပဲ။
ကိုယ်လျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်းကို သတိရပြီး အသိအမှတ်ပြုဖို့လည်း မမေ့နဲ့နော်။ 🥰