← All posts
July 19, 2026·

သူများရဲ့ အောင်မြင်မှုကို ကြည့်နေရင်း ကိုယ့်ရဲ့ တိုးတက်မှုကို မမေ့လိုက်ပါနဲ့။

mental-healthmindfulness

အရေးကြီးဆုံး ခြေလှမ်းက သူများကို ကြည့်တာရပ်ပြီး ကိုယ့်လမ်းကို ပြန်အာရုံစိုက်လိုက်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ 🌿


အရာရာမြန်ဆန်လွန်းတဲ့ခေတ်ကြီးမှာ "ငါ နောက်ကျနေပြီလား"၊ "ငါ့ဘဝက ဘာလို့ ဒီလောက်တိတ်ဆိတ်နေတာလဲ" ဆိုတဲ့ အတွေးတွေ ဝင်လာတတ်တဲ့ အချိန်တွေလည်းရှိတတ်ပါတယ်။

ဒါပေမဲ့ ကိုယ်မြင်နေရတာက တခြားသူတွေရဲ့ ဘဝတစ်ခုလုံး မဟုတ်သလို ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းကလည်း သူတို့နဲ့ တူဖို့ မလိုအပ်ပါဘူး။


အဲ့ဒီလို အချိန်တွေမှာ စိတ်ပင်ပန်းလာတာ၊ ကိုယ့်ကိုယ်ကို မလုံလောက်သလို ခံစားရတာတွေ ဖြစ်လာနိုင်ပါတယ်။


💭 ကိုယ့်ကိုယ်ကို ခဏလေး မေးကြည့်ရအောင်

1.ငါ အခု ဘယ်သူနဲ့ နှိုင်းယှဉ်နေမိတာလဲ။

2.အဲ့ဒီလူအကြောင်း ငါ တကယ်ဘယ်လောက် သိတာလဲ။

3.ငါ့အတွက် အရေးကြီးတဲ့ နောက်ခြေလှမ်းက ဘာဖြစ်မလဲ။


🌱 ခဏလေး ရပ်ပြီး သတိထားကြည့်ရအောင်

Social Media ကို ခဏပိတ်ပြီး ကိုယ်ရှိနေတဲ့ နေရာကို ပြန်အာရုံစိုက်ကြည့်ပါ။

အသက်ရှူတာကို သတိထားရင်း "ငါအခုရှိနေတဲ့ ပုံစံအတိုင်းလည်း လုံလောက်ပါတယ်။ ငါလုပ်နေတဲ့အရာတိုင်းကိုလည်း ငါ တန်ဖိုးထားတယ်" လို့ စိတ်ထဲမှာ ဖြည်းဖြည်းချင်း ပြောကြည့်ပါ။


🌿 ဒီနေ့ စမ်းလုပ်ကြည့်လို့ရတာလေးတွေ

1. ကိုယ်တိုးတက်လာခဲ့တဲ့ အရာတစ်ခုကို ရေးကြည့်ပါ ကြီးမားဖို့ မလိုပါဘူး။

ပြီးခဲ့တဲ့လက မလုပ်နိုင်ခဲ့တာကို ဒီနေ့ လုပ်နိုင်လာတာလည်း တိုးတက်မှုပါပဲ။


2. Social Media ကို ၁၀ မိနစ်လောက် ခဏနားကြည့်ပါ အဲ့ဒီအချိန်အတွင်း

စာဖတ်တာ၊ လမ်းလျှောက်တာ၊ ဒါမှမဟုတ် သီချင်းနားထောင်တာ တစ်ခုခု လုပ်ကြည့်ပါ။


တစ်ခါတလေ ကိုယ့်ဘဝကို ပြန်အာရုံစိုက်ဖို့ လိုတာက Screen အပြင်ဘက်ကို ခဏလေး ပြန်ကြည့်ဖို့ပဲ ဖြစ်နိုင်ပါတယ်။ 🌈